Monday, March 20, 2017

ကလေးငယ်များ ဦးနှောက် ဥာဏ်ရည် ဖွံ့ဖြိုးရန် သံဓာတ် အာဟာရ အဓိက လိုအပ်


  မွေးကင်းစမှ စ၍ ငါးနှစ် မပြည့်မီ ကလေးငယ်များသည် သံဓာတ် အာဟာရ ချို့တဲ့မှုကြောင့် ဦးနှောက် ဥာဏ်ရည် ဖွံ့ဖြိုးမှု နည်းပါးခြင်းကို ခံစားရမည် ဖြစ်ရာ

အထူး ဂရုပြုစေလိုကြောင်း ကလေးငယ် ကျန်းမာရေး ဆိုင်ရာ ဆေးပညာရှင် တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

ကမ္ဘာပေါ်တွင် လူဦးရေ သန်းပေါင်း ၇ဝဝဝ ကျော် ရှိရာ မြန်မာနိုင်ငံ အပါအဝင် လူဦးရေ သန်း ၂ဝဝဝ ခန့် သည်သံဓာတ် အာဟာရချို့တဲ့သည့် ဝေဒနာကို ခံစားရ၍ ဦးနှောက် ဥာဏ်ရည်ဖွံ့ဖြိုးမှု နည်းပါးကာ ဆွံ့အ နားမကြားခြင်း၊ မသန်စွမ်းဖြစ်ခြင်း၊ ပိုလီယိုဖြစ်ခြင်းနှင့် အခြား သံဓာတ်ချို့တဲ့သည့် ရောဂါအမျိုးမျိုးကို ခံစား နေရသည်။ ၎င်းတို့ထဲတွင် ကလေးငယ်များ အများဆုံး ပါဝင်နေသည်။ ဖြစ်ပွားသည့် နိုင်ငံများမှာ တောင် အမေရိက၊ အာဖရိကနှင့် အာရှနိုင်ငံများ၌ အများဆုံး ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။

ယင်းနှင့် ပတ်သက်၍ UNICEF နှင့် ပူးပေါင်းကာ SPRINKLES သံဓာတ် ဖြည့်စွက်အာဟာရမှုန့် ထုတ်ဝေသည့် အံ့မခန်း အာဟာရ အဖွဲ့မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဝဏ္ဏအောင်က ''နိုင်ငံတကာမှာ ကလေး ငယ်များရဲ့ ဥာဏ်ရည်ဖွံ့ဖြိုးမှု နည်းပါးအောင် ပြုလုပ်တဲ့ အဖွဲ့အစည်း တစ်ခု ဒါမှမဟုတ် တစ်ဦးတစ်ယောက် မည်သူမဆို ရန်သူလို့ သတ်မှတ် ပါတယ်၊ မွေးကင်းစ ကလေးငယ်တစ်ဦးကို အသက်ကြီးလာချိန်တွင် အလုပ် ကြမ်းများ လုပ်ကိုင်ပြီး ဘဝကို ကြမ်းတမ်းစွာ ရပ်တည်စေချင်လျှင် သံဓာတ် အာဟာရကို မွေးကင်းစမှ စ၍ ဖြတ်တောက်လိုက်ရုံဖြင့် ပြီးပြည့်စုံပါတယ်'' ဟု ပြောကြားခဲ့သည်။

ဒါ့အပြင် မိခင် ဝမ်းတွင်းမှာ ရှိနေစဉ် ရှစ်လမှ မွေးဖွားချိန်အထိ ကလေးဟာ မိခင်ရဲ့ အစားအသောက်မှ ရရှိတဲ့ သံဓာတ်ကို စုပ်ယူကာ ဦးနှောက် ဖွံ့ဖြိုးမှုနဲ့ ကြီးထွားမှုကို အစပျိုးချိန် ဖြစ်ပါတယ်။ ဒါကြောင့် မိခင်ရဲ့ အစား အသောက် အနေအထိုင် တိုက်ရိုက် ပတ်သက်ပါတယ်။ ဦးနှောက် ဖွံ့ဖြိုးမှုဟာ ကလေးရဲ့ ဝန်းကျင်၊ ဗီဇ၊ ပြုပြင်ပြောင်းလဲမှု အစားအစာ အာဟာရ၊ ပညာဆည်းပူးနိုင်မှု ပတ်ဝန်းကျင်တို့ အပေါ်မှာ အခြေခံ ပါတယ်၊ အဓိက အခြေခံက ဦးနှောက် ဖွံ့ဖြိုးမှုဖြစ်တဲ့ အတွက် သံဓာတ် အာဟာရ ရရှိဖို့ အဓိက လိုအပ်ပါတယ်'' ဟု ၎င်းက ထပ်မံ ပြောကြားခဲ့သည်။

ဆက်လက်၍ ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ''ကလေးငယ်တွေရဲ့ ဦးနှောက် ဖွံ့ဖြိုးမှုမှာ ရာခိုင်နှုန်း အနေနဲ့ မွေးစကနေ ခုနစ်လ အရွယ်အထိ ၃ဝ ရာခိုင်နှုန်း၊ သုံးနှစ်အရွယ်မှာ ၅ဝ ရာခိုင်နှုန်း၊ ငါးနှစ် ပြည့်ခါနီး အချိန်တွင် ၉ဝ ရာခိုင်နှုန်း အထိရှိပြီး အဲဒီကနေ လူကြီးအရွယ် နီးပါးခန့် ဖွံ့ဖြိုး လာပါတယ်၊ အဲ့ဒီ အချိန်မှာ သူတို့ရဲ့ ဦးနှောက်ထဲမှာ ကလာပ်စည်းလို့ ခေါ်တဲ့ အတွေးအခေါ်ဆိုင်ရာ ဖွံ့ဖြိုးမှု အခန်းငယ်လေး တွေသန်းပေါင်း တစ်သိန်းခန့် ရှိပါတယ်။ ဒါတွေဟာ သစ်ပင်၊ သစ်ကိုင်းတွေလို ဖြာထွက် ယှက်နွယ်နေပြီး တစ်ခုနဲ့ တစ်ခု ချိတ်ဆက် နေပါတယ်။ လူတစ်ဦးနဲ့ တစ်ဦး ချိတ်ဆက်ပုံခြင်း မတူပါဘူး။ ချိတ်ဆက်မှုများရင် ဥာဏ်ပိုကောင်းပြီး ချိန်ဆက်မှုနည်းရင် ဦးနှောက်ဖွံ့ဖြိုးမှု နည်းပါးကာ ဥာဏ်ထုံတဲ့ လူတစ်ယောက် အဖြစ် တစ်ဘဝလုံး ရပ်တည်သွားရမှာ ဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။

''ဒီကလာပ်စည်းတွေ ချိတ်ဆက်ဖို့အတွက် အဓိက လိုအပ်တာကတော့ သံဓာတ်လို့ခေါ်တဲ့ သတ္တုအာဟာရ ဓာတ်တွေ ဖြစ်ပါတယ်။ ဒါတွေမရရှိရင် လုံးဝ မချိတ်ဆက်ပါဘူး။ ဒါကြောင့် မိခင် ဝမ်းအတွင်း ရှစ်လအရွယ်မှ စ၍ မွေးစကနေ ငါးနှစ်အတွင်း သံဓာတ် အာဟာရကို လုံလောက်စွာ ရရှိအောင် ကျွေးမွေးရမှာ ဖြစ်ပါတယ်၊ အဲဒီအချိန်မှာ ကော်ဖီတွေ၊ လက်ဖက်ရည်တွေနဲ့ သကြားဓာတ်ပါတဲ့ အစားအစာတွေ မကျွေးသင့်ပါဘူး။ အဓိက သံဓာတ် အားကောင်းဖို့ အသည်းများများ စားသုံးခြင်း၊ နီရဲသော အသားများ၊ စိမ်းစိုသော သစ်သီး ဝလံများနှင့် ကြက်ရိုး၊ ဘဲရိုးများရှိ ရိုးတွင်းခြင်ဆီများက သံဓာတ် သတ္တုများ များစွာ ရရှိစေတဲ့အပြင် UNICEF ကထုတ်တဲ့ SPRINKLES သံဓာတ် အာဟာရမှုန့်ကို ထမင်းထဲထည့်ပြီး ရောမွှေ ကျွေးခြင်းဖြင့်လည်း သံဓာတ် အာဟာရ ပြည့်ဝစေမှာ ဖြစ်ပါတယ်'' ဟု ၎င်းက ထပ်မံ ပြောကြားခဲ့သည်။

ယင်းတို့ကြောင့် ကလေးငယ်များ၏ ဦးနှောက်ဥာဏ်ရည် ဖွံ့ဖြိုးမှုနှင့် ကြီးထွားမှု ဖွံ့ဖြိုးလာစေရန် အတွက် မိခင် ဝမ်းအတွင်းမှ အစကတည်းက ငါးနှစ်အတွင်း သံဓာတ် အာဟာရကို အပြည့်အဝ ကျွေးမွေးနိုင်စေရန် ကိုယ်ဝန်ဆောင်သည်မှ စ၍ နီးစပ်ရာ ကျန်းမာရေး ဆေးပေးခန်းများနှင့် မြို့နယ် ကျန်းမာရေး ဦးစီးဌာနများ၌ အနီးကပ် ဆွေးနွေးပြီး သံဓာတ်ပြည့်ဝစွာ ရရှိရေးကို အထူး ဂရုပြုသင့်ကြောင်း ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ တိုက်တွန်း ပြောကြားချက် အရ သိရသည်။ ။

မောင်မျိုး (ဧရာဝတီ)

မြ၀တီ မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.com