Monday, March 20, 2017

ကလေးငယ်များ ဦးနှောက် ဥာဏ်ရည် ဖွံ့ဖြိုးရန် သံဓာတ် အာဟာရ အဓိက လိုအပ်


  မွေးကင်းစမှ စ၍ ငါးနှစ် မပြည့်မီ ကလေးငယ်များသည် သံဓာတ် အာဟာရ ချို့တဲ့မှုကြောင့် ဦးနှောက် ဥာဏ်ရည် ဖွံ့ဖြိုးမှု နည်းပါးခြင်းကို ခံစားရမည် ဖြစ်ရာ

အထူး ဂရုပြုစေလိုကြောင်း ကလေးငယ် ကျန်းမာရေး ဆိုင်ရာ ဆေးပညာရှင် တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

ကမ္ဘာပေါ်တွင် လူဦးရေ သန်းပေါင်း ၇ဝဝဝ ကျော် ရှိရာ မြန်မာနိုင်ငံ အပါအဝင် လူဦးရေ သန်း ၂ဝဝဝ ခန့် သည်သံဓာတ် အာဟာရချို့တဲ့သည့် ဝေဒနာကို ခံစားရ၍ ဦးနှောက် ဥာဏ်ရည်ဖွံ့ဖြိုးမှု နည်းပါးကာ ဆွံ့အ နားမကြားခြင်း၊ မသန်စွမ်းဖြစ်ခြင်း၊ ပိုလီယိုဖြစ်ခြင်းနှင့် အခြား သံဓာတ်ချို့တဲ့သည့် ရောဂါအမျိုးမျိုးကို ခံစား နေရသည်။ ၎င်းတို့ထဲတွင် ကလေးငယ်များ အများဆုံး ပါဝင်နေသည်။ ဖြစ်ပွားသည့် နိုင်ငံများမှာ တောင် အမေရိက၊ အာဖရိကနှင့် အာရှနိုင်ငံများ၌ အများဆုံး ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။

ယင်းနှင့် ပတ်သက်၍ UNICEF နှင့် ပူးပေါင်းကာ SPRINKLES သံဓာတ် ဖြည့်စွက်အာဟာရမှုန့် ထုတ်ဝေသည့် အံ့မခန်း အာဟာရ အဖွဲ့မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဝဏ္ဏအောင်က ''နိုင်ငံတကာမှာ ကလေး ငယ်များရဲ့ ဥာဏ်ရည်ဖွံ့ဖြိုးမှု နည်းပါးအောင် ပြုလုပ်တဲ့ အဖွဲ့အစည်း တစ်ခု ဒါမှမဟုတ် တစ်ဦးတစ်ယောက် မည်သူမဆို ရန်သူလို့ သတ်မှတ် ပါတယ်၊ မွေးကင်းစ ကလေးငယ်တစ်ဦးကို အသက်ကြီးလာချိန်တွင် အလုပ် ကြမ်းများ လုပ်ကိုင်ပြီး ဘဝကို ကြမ်းတမ်းစွာ ရပ်တည်စေချင်လျှင် သံဓာတ် အာဟာရကို မွေးကင်းစမှ စ၍ ဖြတ်တောက်လိုက်ရုံဖြင့် ပြီးပြည့်စုံပါတယ်'' ဟု ပြောကြားခဲ့သည်။

ဒါ့အပြင် မိခင် ဝမ်းတွင်းမှာ ရှိနေစဉ် ရှစ်လမှ မွေးဖွားချိန်အထိ ကလေးဟာ မိခင်ရဲ့ အစားအသောက်မှ ရရှိတဲ့ သံဓာတ်ကို စုပ်ယူကာ ဦးနှောက် ဖွံ့ဖြိုးမှုနဲ့ ကြီးထွားမှုကို အစပျိုးချိန် ဖြစ်ပါတယ်။ ဒါကြောင့် မိခင်ရဲ့ အစား အသောက် အနေအထိုင် တိုက်ရိုက် ပတ်သက်ပါတယ်။ ဦးနှောက် ဖွံ့ဖြိုးမှုဟာ ကလေးရဲ့ ဝန်းကျင်၊ ဗီဇ၊ ပြုပြင်ပြောင်းလဲမှု အစားအစာ အာဟာရ၊ ပညာဆည်းပူးနိုင်မှု ပတ်ဝန်းကျင်တို့ အပေါ်မှာ အခြေခံ ပါတယ်၊ အဓိက အခြေခံက ဦးနှောက် ဖွံ့ဖြိုးမှုဖြစ်တဲ့ အတွက် သံဓာတ် အာဟာရ ရရှိဖို့ အဓိက လိုအပ်ပါတယ်'' ဟု ၎င်းက ထပ်မံ ပြောကြားခဲ့သည်။

ဆက်လက်၍ ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ''ကလေးငယ်တွေရဲ့ ဦးနှောက် ဖွံ့ဖြိုးမှုမှာ ရာခိုင်နှုန်း အနေနဲ့ မွေးစကနေ ခုနစ်လ အရွယ်အထိ ၃ဝ ရာခိုင်နှုန်း၊ သုံးနှစ်အရွယ်မှာ ၅ဝ ရာခိုင်နှုန်း၊ ငါးနှစ် ပြည့်ခါနီး အချိန်တွင် ၉ဝ ရာခိုင်နှုန်း အထိရှိပြီး အဲဒီကနေ လူကြီးအရွယ် နီးပါးခန့် ဖွံ့ဖြိုး လာပါတယ်၊ အဲ့ဒီ အချိန်မှာ သူတို့ရဲ့ ဦးနှောက်ထဲမှာ ကလာပ်စည်းလို့ ခေါ်တဲ့ အတွေးအခေါ်ဆိုင်ရာ ဖွံ့ဖြိုးမှု အခန်းငယ်လေး တွေသန်းပေါင်း တစ်သိန်းခန့် ရှိပါတယ်။ ဒါတွေဟာ သစ်ပင်၊ သစ်ကိုင်းတွေလို ဖြာထွက် ယှက်နွယ်နေပြီး တစ်ခုနဲ့ တစ်ခု ချိတ်ဆက် နေပါတယ်။ လူတစ်ဦးနဲ့ တစ်ဦး ချိတ်ဆက်ပုံခြင်း မတူပါဘူး။ ချိတ်ဆက်မှုများရင် ဥာဏ်ပိုကောင်းပြီး ချိန်ဆက်မှုနည်းရင် ဦးနှောက်ဖွံ့ဖြိုးမှု နည်းပါးကာ ဥာဏ်ထုံတဲ့ လူတစ်ယောက် အဖြစ် တစ်ဘဝလုံး ရပ်တည်သွားရမှာ ဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။

''ဒီကလာပ်စည်းတွေ ချိတ်ဆက်ဖို့အတွက် အဓိက လိုအပ်တာကတော့ သံဓာတ်လို့ခေါ်တဲ့ သတ္တုအာဟာရ ဓာတ်တွေ ဖြစ်ပါတယ်။ ဒါတွေမရရှိရင် လုံးဝ မချိတ်ဆက်ပါဘူး။ ဒါကြောင့် မိခင် ဝမ်းအတွင်း ရှစ်လအရွယ်မှ စ၍ မွေးစကနေ ငါးနှစ်အတွင်း သံဓာတ် အာဟာရကို လုံလောက်စွာ ရရှိအောင် ကျွေးမွေးရမှာ ဖြစ်ပါတယ်၊ အဲဒီအချိန်မှာ ကော်ဖီတွေ၊ လက်ဖက်ရည်တွေနဲ့ သကြားဓာတ်ပါတဲ့ အစားအစာတွေ မကျွေးသင့်ပါဘူး။ အဓိက သံဓာတ် အားကောင်းဖို့ အသည်းများများ စားသုံးခြင်း၊ နီရဲသော အသားများ၊ စိမ်းစိုသော သစ်သီး ဝလံများနှင့် ကြက်ရိုး၊ ဘဲရိုးများရှိ ရိုးတွင်းခြင်ဆီများက သံဓာတ် သတ္တုများ များစွာ ရရှိစေတဲ့အပြင် UNICEF ကထုတ်တဲ့ SPRINKLES သံဓာတ် အာဟာရမှုန့်ကို ထမင်းထဲထည့်ပြီး ရောမွှေ ကျွေးခြင်းဖြင့်လည်း သံဓာတ် အာဟာရ ပြည့်ဝစေမှာ ဖြစ်ပါတယ်'' ဟု ၎င်းက ထပ်မံ ပြောကြားခဲ့သည်။

ယင်းတို့ကြောင့် ကလေးငယ်များ၏ ဦးနှောက်ဥာဏ်ရည် ဖွံ့ဖြိုးမှုနှင့် ကြီးထွားမှု ဖွံ့ဖြိုးလာစေရန် အတွက် မိခင် ဝမ်းအတွင်းမှ အစကတည်းက ငါးနှစ်အတွင်း သံဓာတ် အာဟာရကို အပြည့်အဝ ကျွေးမွေးနိုင်စေရန် ကိုယ်ဝန်ဆောင်သည်မှ စ၍ နီးစပ်ရာ ကျန်းမာရေး ဆေးပေးခန်းများနှင့် မြို့နယ် ကျန်းမာရေး ဦးစီးဌာနများ၌ အနီးကပ် ဆွေးနွေးပြီး သံဓာတ်ပြည့်ဝစွာ ရရှိရေးကို အထူး ဂရုပြုသင့်ကြောင်း ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ တိုက်တွန်း ပြောကြားချက် အရ သိရသည်။ ။

မောင်မျိုး (ဧရာဝတီ)

မြ၀တီ မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.com

အနားယူဖို့ လိုအပ်ကြောင်း ခန္ဓာကိုယ်က ဖော်ပြနေသောအချက်များ

၁။ ခေါင်းကိုက်ခြင်း

တစ်ပတ်လုံး ခံစားခဲ့ရတဲ့ စိတ်ဖိစီးမှုတွေက စနေ၊ တနင်္ဂနွေရုံးပိတ်ရက်ရောက်တဲ့အခါ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာကို ဆိုးဆိုးရွားရွား ခံစားရတာမျိုးဖြ...စ်တတ်ပါတယ်။
အဲဒီလို မဖြစ်ရလေအောင် သင်ဘယ်လောက်ပဲ အလုပ်များများ အိပ်ချိန်၊ စားချိန်ကို ပုံမှန်ဖြစ်အောင် ကြိုးစားပါ။

၂။ ကြွက်တက်ခြင်း

တစ်ခါတစ်ရံ စိတ်ဖိစီးတာများလွန်းတဲ့အခါ ကြွက်တက်တာကို နာနာကျင်ကျင် ခံစားရနိုင်ပါတယ်။ စိတ်ဖိစီးတာကြောင့် ခန္ဓာကိုယ်တွင်းက ဟော်မုန်းတွေ မညီမမျှ ဖြစ်တာကြောင့်ပါ။

အဲဒီလိုမဖြစ်ရလေအောင် အားကစားရုံသွားပြီး တတ်ကျွမ်းတဲ့ နည်းပြရဲ့ စနစ်တကျ သင်ပြတဲ့ လေ့ကျင့်ခန်းတွေကို ဂရုတစိုက် သင်ယူလေ့ကျင့်ပေးပါ။ ထိန်းချုပ်မှုမဲ့ အာရုံကြောရဲ့ လုပ်ဆောင်ချက်တွေကို လျှော့ချပေးနိုင်တာကြောင့် ကြွက်တက်တာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

၃။ မေးရိုးနာကျင်ခြင်း

သင်သွားကြိတ်တာကြောင့် ဖြစ်ရတာပါ။ သင့်မှာ စိတ်ဖိစီးမှုတွေများတဲ့အခါ ညအိပ်နေရင်း သင်မသိလိုက်ပေမယ့် သွားကြိတ်မိတတ်ပါတယ်။

အဲဒီလိုမဖြစ်အောင် သွားကိုကာကွယ်ပေးတဲ့ သွားဖုံးစွပ်တပ်ပြီးအိပ်ပါ။ ၇၀ ရာခိုင်နှုန်းထိ သွားမကြိတ်အောင် ကာကွယ်နိုင်ပါတယ်။ တချို့တွေမှာ သွားလုံးဝမကြိတ်တော့တဲ့အထိ ထိရောက်မှုရှိပါတယ်။

၎။ အိပ်နေရာမှ လန့်နိုးခြင်း

တစ်ခါတစ်ရံ အိပ်ပျော်နေရင်း မကြာခဏလန့်နိုးနေတာမျိုး သင်ဖြစ်ဖူးမှာပါ။ သတိမထားမိပါဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ သင့်ကို စိတ်ပူပန်စရာတွေက လန့်နိုးနေတာပါ။

အဲဒီလိုမဖြစ်ရလေအောင် တစ်နေ့ကို ၇-၈ နာရီလောက် အိပ်ချိန်ရပါစေ။ အိပ်ခါနီး ကဖင်းဓာတ်ပါတာတွေနဲ့ အရက်သောက်သုံးတာကို ရှောင်ကြဉ်ပါ။

၅။ သွားဖုံးသွေးယိုခြင်း

စိတ်ဖိစီးမှုများတဲ့လူတွေဟာ သွားနဲ့ သွားဖုံးရောဂါတွေဖြစ်ဖို့ အခွင့်အလမ်းများပါတယ်။ ကြာရှည် စိတ်ဖိစီးတာကြောင့် ထွက်လာတဲ့ ကော်တီဇော (Cortisol) က ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို လျော့နည်းစေတာကြောင့် သွားဖုံးမှာ ဘက်တီးရီးယားတွေဝင်ဖို့ အခွင့်အလမ်းပိုရသွားပါတယ်။

အဲဒီလိုမဖြစ်ရလေအောင် ညစာစားပြီးတဲ့အခါတိုင်း သွားတိုက်ပေးပါ။

၆။ ဝက်ခြံထွက်ခြင်း

စိတ်ဖိစီးမှုများတဲ့အခါ သင့်အရေပြား ရောင်ရမ်းရာကနေ ဝက်ခြံတွေထွက်တတ်ပါတယ်။

အဲဒီလို မဖြစ်ရလေအောင် ဆယ်လီစလစ်အက်စစ် (Salcylic acid)နဲ့ ဘန်ဇွိုင်းပါအောက်ဆိုက် (Benzoyl peroxide)တွေ ပါဝင်တဲ့ လိုရှင်းတွေ လိမ်းပေးပါ။ အရေပြားခြောက်သွေ့နေရင် အစိုဓာတ်ထိန်းသိမ်းပေးတဲ့ ခရင်မ်တစ်ခုခုပါ ထပ်လိမ်းပေးပါ။ ရက်အနည်းငယ်အတွင်း မသက်သာခဲ့ရင် ဆရာဝန်နဲ့ ပြသတိုင်ပင်ပါ။

၇။ နာကျင်ကိုက်ခဲခြင်း

စိုးရိမ်ပူပန်စရာတွေနဲ့ စိတ်ဖိစီးမှုတွေများတဲ့အခါ ခေါင်းကိုက်တာ၊ ခါးနာတာ၊ အိပ်မပျော်တာတွေလည်း ဖြစ်တတ်ပါသေးတယ်။

အဲဒီလိုမဖြစ်ရလေအောင် လေ့ကျင့်ခန်းလုပ်ပါ။ စိတ်ကိုဖြေလျှော့ပါ။ အေးငြိမ်းရာနေရာမှာ တရားထိုင်ပါ။

YeeMon' Diary မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.com

Sunday, March 19, 2017

Morning sickness ကိုယ်ဝန်ရှိစ အိပ်ရာထရောဂါ ..!


  ဆရာ မင်္ဂလာပါရှင့်။ သမီးအသက်က၂၆နှစ်ပါ။ သားဦးကိုယ်ဝန်လွယ်ထားရပါတယ်ရှင်။ ၁လလောက်ပဲရှိပါသေးတယ်။ ခုရက်ပိုင်းခေါင်းအရမ်းမူးနေပါတယ်။ ခေါင်းကိုမထောင်ချင်လောက်အောင်ပါ။ အိပ်ချင်တာလဲအရမ်းပါပဲရှင့်။ သွေးပေါင်ချိန်ကတော့ ၁၀၀/၇၀ရှိပါတယ်။ ဘာဆေးများသောက်သုံးရမလဲရှင်။

ကိုယ်ဝန်ဆောင်စ အစောပိုင်းလတွေမှာ ပျို့တာ၊ အန်တာကို Morning sickness ကိုယ်ဝန်ရှိစအိပ်ရာထရောဂါလို့ ခေါ်ပြီး ဆေးစာနဲ့ Nausea gravidarum လို့ ခေါ်ပါတယ်။ မနက်ခင်းမှာ အဖြစ်များလို့ ဒီနာမယ် ပေးတာဖြစ်မယ်။ နေ့ခင်းရော ညပိုင်းမှာပါ ဖြစ်တတ်တာပါဘဲ။ ကိုယ်ဝန်ဆောင်တိုင်းလိုလို ကိုယ်ဝန်ဆောင် ၇ဝ-၈၅% ဖြစ်တတ်။ တဝက်လောက်က ဆေးကုသမှုခံယူကြရတယ်။ အများအားဖြင့် ကိုယ်ဝန် ၆ ပတ်မှာ စတတ်ပြီး၊ ၁၂ ပါတ် ရောက်ရင် သက်သာသွားကြတယ်။ ပျို့-အန်မယ်၊ ရင်သားနာမယ်၊ အစာအိမ်ပြဿနာပေးမယ်၊ အားယုတ်မယ်၊ မကြာခဏဆီးသွားမယ်၊ မောပမ်းမယ်၊ သွေးအနည်းငယ် ဆင်းနိုင်တယ်၊ အားအင်ပြည့်ပြီး အလေးချိန်တိုးလာမယ်။ အနေအထိုင်ခက်ခဲလာမယ်။ အရေပြား ပြောင်းလည်းမှုတွေရှိမယ်၊ သွင်ပြင်လက္ခဏာများနဲ့ စိတ်ပိုင်းဆိုင်ရာလည်း ပြောင်းလာမယ်။

မိခင်လောင်းမှာ အတော်အနေရခက်တယ်။ အန်တာက အတော်အသင့် ဆိုးတာနဲ့ လက်ထိုးအန်တာ ဖြစ်နိုင်တယ်။ တခြား အန်တဲ့ရောဂါတွေလို ဆေးကုစရာ မလိုပါ။ ကလေးကိုလည်း မထိခိုက်စေပါ။ ဆိုးရင်တော့ ရေဓါတ်-ဆားဓါတ် ခန်းခြောက်တာ ဖြစ်နိုင်တယ်။ ကိုယ်အလေးချိန်ကျမယ်။ Alkalosis (အယ်လ်ကာလီ) ဓါတ်များတာ နဲ့ Hypokalemia (ပိုဆက်ဆီယမ်) နည်းတာတွေ ဖြစ်မယ်။ ဆေးကုဘို့လိုပြီ။

ဘာလို့ဖြစ်သလည်း
အနံ့အသက်တချို့ကို မကြိုက်ဖြစ်တာကြောင့်လား ထင်ရတယ်။ (အီစထိုဂျင်) ဟော်မုန်း များလာလို့ထင်ကြတယ်။ အရင်ကထက် အဆ ၁ဝဝ အထိများလာတယ်လို့ တချို့ကဆိုတယ်။ အသေအခြာ ဒါကြောင့်လို့ မပြောနိုင်ပါ။ သကြားဓါတ်နည်းလို့လည်း ထင်တယ်။ ကလေးဆီ အချင်းကတဆင့်ပို့ပေးရလို့ နည်းတာ။ (ပရိုဂျက်စတီရုန်း) များလာလို့ သားအိမ်ကြွက်သားတွေ လျှော့လာစေသလို အစာအိမ် ကြွက်သားကိုလည်း အဲလိုလျှော့စေမလား ထင်ရတယ်။ HCG ဟော်မုန်းများတာလည်း စဉ်းစားတယ်။ အသည်း (အင်ဇိုင်းမ်) များလာကြောင့်လားလည်း စဉ်းစားတယ်။ ကာကွယ်စနစ်အနေနဲ့လည်း စဉ်းစားတယ်။ အထဲကကလေးကို မအေစားတဲ့ထဲပါတဲ့ အဆိပ်အတောက်တွေရန်ကနေ အကာကွယ်ပေးတာလား စဉ်းစားလာတယ်။ ပျို့တာ-အန်တာမဖြစ်တဲ့ ကိုယ်ဝန်က ပိုပျက်ကျတတ်တယ်လို့ ထင်တယ်။ မိခင်ကိုလည်း တနည်းတလမ်းနဲ့ ကာကွယ်တာလည်း ဖြစ်နိုင်တယ်။ ကိုယ်ဝန်ဆောင်ရင် ခုခံစနစ်အား နည်းလာတယ်။ မသင့်တာကို အန်ပြစ်တဲ့သဘော ဖြစ်မလား ယူဆတယ်။

ဘယ်လိုကုသမလည်း
ဖြစ်စေတာ မသေခြာလို့ ကုသနည်းဟာလည်း မရေရာလှပါ။ ခံစားရတာကို သက်သာအောင်သာ လုပ်ရတာများတယ်။
• အစာချေရည်ဆန်တာနဲ့ တွဲနေတာဆိုရင် ညမအိပ်ခင် Antacid လေဆေး သောက်အိပ်ပါ။
• အစားအသောက်မှာ (ဖိုင်ဘာ) များတာ စားပေးပါ။ အဆီလည်း စားဘို့ လိုတယ်။ ပေါင်မုံ့ဖြူက အညိုထက် ဒီနေရာမှာ သင့်တယ်။ အသီးအနှံ၊ အသီးအရွက်တွေလည်း အစိမ်းမစားသင့်ပါ။ အဆီများတဲ့အသား ရှောင်ထားပါ။
• စားပြီးရင် လည်းလျောင်းမနေပါနဲ့၊ အစာစားပြီး လမ်းလျှောက်ပေးပါ။
• သကြားဓါတ်နည်းတာဖြစ်ရင် သွားရည်စာ ခဏခဏစားပေးပါ။
• သံပရာ၊ ရှောက်သီး၊ လိမ္မော်သီးတွေက အကျိုးများစေတယ်။ Ginger capsules, Ginger tea ချင်း (ဂျင်း) ဆေးတောင့်၊ ချင်းလဖက်ရည် ကောင်းတယ်။
• အန်ရင် ရေခဲငုံပါ။
• တခါစားရင် နဲနဲချင်းစားပါ။ ထမင်းမစားပြီးပြီးချင်း ရေမသောက်သေးဘဲ နာရီဝက်နေမှ သောက်ပါ။ မစားခင် ရေကို နာရီဝက်ကြို သောက်ထားပါ။ မနက် မထခင် Soda crackers စားနိုင်တယ်။ အိပ်ရာထရင် Crackers စားပါ။ အနံ့၊ အရသာ မကြိုက်တာမစားပါနဲ့၊
အစာစားချိန်မှာ မစားဘဲမနေပါနဲ့၊
• ကောင်းကောင်း အနားယူပါ၊ ကိုယ်လက်လှုတ်ရှားမှု လုပ်ပေးပါ။
• Acupressure wristbands လက်မှာပတ်ထားပါ။ Sea Bands နဲ့ Relief Band Device တွေလည်းသုံးနိုင်တယ်။
• Salty potato chips အာလူးချစ်ပ် စားနိုင်တယ်။ Preggie Pops lollipops ငုံထားပါ။
• သံဓါတ်အားဆေးကြောင့်ထင်ရင် Slower-release ဖြစ်ဖြစ် Lower-dose iron pills သံဓါတ်နည်းနည်းသာပါတာ ပြောင်းသောက်ပါ။
• (ဗီတာမင် ဘီ ၆) 50 mg သောက်ပါ။
• ဆားဓါတ်ခန်းခြောက်တာဖြစ်ရင် ORS ဓါတ်ဆားထုပ် သောက်ပါ။ သောက်တာလည်း အန်ရင် Ringer Lactate drip သွင်းပါ။

ကိုယ်ဝန်ရင့်လာရင် ဖြစ်တတ်တာတွေအတွက်
• ခါးနာရင် အနေအထား ပြောင်းပေးပါ။ ခွါမြင့်ဖိနပ် မစီးရ။ အလေးအပင်မ မရ။ ခါးကုန်းပြီးမ မတင်ရ၊ မလုပ်ရ။ ခြေထောက်ကို အမြင့်မှာတင်ပြီး နားပါ။ ဒူးကွေး၊ ဘေးတဖက် လှည့်အိပ်ပါ။ ပေါင်ခြားထဲ တခုခုခံထားပါ။ ခါးကို အပူ-အအေး တင်ပေးပါ။ လေ့ကျင့်ခန်းလုပ်ပါ။
• အသက်ရှူခက်ခဲရင် ခါးမတ်မတ် ထိုင်ပါ။ အိပ်ရင် ခပ်မတ်မတ် အိပ်ပါ။ အသက်ရှူလေ့ကျင့်ခန်း လုပ်ပါ။
• ဝမ်းချုပ်ရင် ရေ-အရည်များများ သောက်ပါ။ အသီးအနှံများများ စားပါ။ လေ့ကျင့်ခန်းလုပ်ပါ။ လမ်းလျှောက်ပါ။
• ကြွက်သားနာရင် (ကယ်လ်စီယမ်) ဆေးစားပါ။ လှုပ်ရှားရင် သက်သက်သာသာလုပ်ပါ။
• အအိပ်ပျက်ရင် မအိပ်မီ ရေနွေးဖြင့် ရေချိုးပါ။ နားနားနေနေနေ ထိုင်ပါ။
• အစာမကြေဖြစ်ရင် တနေ့ ၅-၆ ကြိမ် အစာနည်းနည်းချင်း စားပါ။ လေထတတ်သည့် အစားရှောင်ပါ။ ဆိုဒါ-အင်တီအက်စစ်ဆေး မစားရ။ အစားစားစဉ် ခပ်မတ်မတ်ထိုင်စားပါ။ စားပြီးပြီးချင်း မအိပ်ရ။ အစားစားပြီး ၂ နာရီ အတွင်း လေ့ကျင့်ခန်းမလုပ်ရ။
• သွေးပြန်ကြောထုံးရင် ခြေထောက် မြှင့်ထားပါ။ လှဲနေပါ။ အကြာကြီး မရပ်-မသွားရ။ ခြေအိပ်-ဖိနပ် အကြပ် မစီးရ။ အထူးလုပ်သားသည့် ခြေအိတ်သုံးပါ။ အမြဲထိုင်မနေရ။
• ဖေါရောင်ရင် ခြေထောက် မြှင့်ထားပါ။ ဘယ်ဘက်စောင်း အိပ်ပါ။ ဆားလျှော့စားပါ။
• ရင်သား ကြီးထွားလာမယ်၊ နာမယ်၊ တင်းမယ်။ ထိပ်ဖျား အရောင် ရင့်လာမယ်။ ထိပ်ဖျားဝင်နေရင် ဆွဲထုတ်ပေးပါ။ ရေချိုးစဉ် နို့ထိပ်ဝကို သန့်ရှင်းပေးပါ။ နို့သီးဘေးမှ အရောင်ညိုအဝိုင်းတွင် ဘဲ-ငန်း အရေပြားလို အသီးလုံးလေးများ ပေါ်လာမယ်။ ရင်သားတွင် အလုံး-အကျိတ် ရှိ-မရှိ စစ်ဆေးပါ။

ကိုယ်ဝန်ဆောင်စဉ် အန်ခြင်း
ကိုယ်ဝန်ဆောင်သူ ၇ဝ-၈၅% မှာဖြစ်တတ်တယ်။ တခါတလေ ဆေးတွေ အသုံးမကျ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် မဖြစ်မနေ ပေးရတဲ့ ဆေးတချို့ဟာ Placebo လူနာ စိတ်သက်သာရစေတဲ့ဆေးလို့ ခေါ်တယ်။
• ဗီတာမင် ဘီ ၆ ပေးလေ့ရှိတယ်။ Doxylamine 10 mg + Pyridoxine (B6) 10 mg ပေးသင့်တယ်။ B-Natal TheraPops နဲ့ B-Natal Lozenges တွေဟာ ဗီတာမင် ဘီ-၆ ပါတဲ့ဆေးတွေ ဖြစ်တယ်။
• ဆိုးဝါးသူတွေကို Promethazine 12.5-25 mg ကို ၄ နာရီခြား၊ Prochlorperazine 25 mg ကို စအိုမှ ၁၂ နာရီ ခြား ပေးနိုင်တယ်။
• Meclizine, Dimenhydrinate, Metoclo-pramide တွေကိုလည်း ပေးနိုင်တယ်။
• Methylprednisolone 16 mg စားဆေး၊ ထိုးဆေး ကို နောက်ဆုံးအဖြစ် ပေးနိုင်တယ်။ ၃ ရက်နဲ့ သက်သာရင် ၂ ပတ်အထိ ဆက်ပေးပါ။ မသက်သာရင် ရပ်ပါ။ ကိုယ်ဝန်နုစဉ် Corticosteroids မပေးတာ ကောင်းတယ်။
• Psi Bands Acupressure ကို လက်ကောက်ဝတ်မှာ ပတ်ထားနိုင်တယ်။
• Organic Heartburn Relieving Tea QueaseEASE နဲ့ Essential Oil Therapy တို့က ခေတ်သုံးဆေးတွေပါ။
• ဂျင်း (ချင်း) Ginger capsules of 250 mg တနေ့ ၄ ကြိမ် ပေးတယ်။

ကိုယ်ဝန်ဆောင် ဆေးပညာစာတွေ အများကြီးရေးထားတယ်။ လိုတာကို ဘလော့ (သို့) စာအုပ်မှာ ဖတ်ပါ။ ကိုယ်နဲ့မဆိုင်တဲ့ မူမှန်မဟုတ်တာတွေကို မဖတ်ပါနဲ့။

https://www.facebook.com/drtintswe

Dr. တင့်ဆွေ မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.com

အာလ်ထွာဆောင်းနဲ့ ဓါတ်မှန်အန္တရာယ် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးအရဖတ်ထားသင့်ပါတယ်


(Risks of an X-ray and Diagnostic ultrasound )

ဆရာ့ဆောင်းပါးတွေထဲဖတ်ရတာ ကိုယ်ဝန်ဆောင်ချိန် x- rays ဓာတ်ရောင်ခြည် မရိုက်သင့်ဘူး 2D ultrasound တို့ 3D 4D ရိုက်တာကိုတော့ ခုချိန်ထိ ဆိုးကျိုးကြီးကြီးမားမား ပြောကြတာမရှိသေးဘူး၊ (ကလေးအတွက် လေတို့ အပူတို့ပိုရမယ် ယောက်ျားလေးဆို စကားပြောနှေးမယ်) လို့ ဖတ်ရပါတယ်။ goole ထဲမှာရှာကြည့်တော့လဲ နိုင်ငံခြားမှာ တွင်တွင်ကျယ်ကျယ် သုံးနေကြလို့ လက်ခံယုံကြည်ပါတယ်။ ဒါပေမယ့် ဒီနေ့ ဆေးကုမ္ပဏီတခုကဖြန့်တဲ့ ကိုယ်ဝန်ဆောင်အားဆေးကြော်ငြာ fb page တခုမှာ ပြောင်းပြန် တင်ထားတယ်။ ကိုယ်ဝန်ဆောင်အနေနဲ့ သွားခံတွင်းကျန်းမာရေးဂရုစိုက်ရမယ့်အကြောင်းနဲ့ ဒီအတွက် x-rays ပါရိုက်ထားသင့်ကြောင်း ကျမကပြန်ချေပတော့ gender ကြိုသိဖို့နဲ့ 3d 4d ultrasound သာ မရိုက်သင့်ကြောင်း ပြန်ရေးထားပါတယ်။ ဆေးပညာနဲ့ပတ်သတ်ပြီး လုံးဝတလွဲ ဖြစ်နေတဲ့ message မျိုး မပေးသင့်ဘူးလို့ ထင်ပါတယ်။ ဆရာရောဘယ်လို ထင်မြင်ပါသလဲ။

Diagnostic ultrasound ရောဂါရှာဖွေရေးသုံး အာလ်ထွာဆောင်းက စိတ်ချရပါတယ်။ ပါဝါရော လှိုင်းပါ နည်းနည်းလေးသာ သုံးတယ်။ ကျန်းမာရေးအတွက် တိုက်ရိုက်အန္တရာယ်မရှိပါ။ အာလ်ထွာဆောင်းဟာ အလွန် အသုံးကျပါတယ်။ ဒါပေမဲ့ အကန့်အသတ်ရှိတယ်။ လေနဲ့အရိုးကို ထိုးဖေါက်ဘို့ခက်တယ်။ အဲလိုနေရာတွေကို စမ်းသပ်ချင်ရင် CT or MRI scans, or X-rays တွေကိုသုံးရတယ်။

X-rays ဓါတ်မှန်ကတော့ သီအိုရီအရ နောင်တချိန်မှာ ကင်ဆာ ဖြစ်စေနိုင်တယ်။ ဒီအန္တရာယ်က နည်းပါတယ်။ Health Protection Agency (HPA) ရဲ့တွက်ချက်မှုက ဒီလိုရှိပါတယ်။

• ရင်ပတ်၊ သွား၊ လက်၊ ခြေတွေကိုရိုက်တဲ့ X-ray ဓါတ်မှန်မှာ နောက်ခံဓါတ်ရောင်ခြည် ရက် အနည်းငယ်စာနဲ့ညီပြီး ကင်ဆာဖြစ်နိုင်ခြေ ၁ဝဝဝဝဝဝ မှာ ၁ ထက်နည်းမယ်။
• ဦးခေါင်းနဲ့ လည်ပင်း X-ray ဓါတ်မှန်မှာ နောက်ခံဓါတ်ရောင်ခြည်ရက်သတ္တပါတ်အနည်းငယ်စာနဲ့ညီပြီး ကင်ဆာ ဖြစ်နိုင်ခြေ ၁ဝဝဝဝဝ ကနေ ၁ဝဝဝဝဝဝ မှာ ၁ ရှိနိုင်တယ်။
• တင်ပါး၊ တင်ပါးဆုံ၊ ခါးရိုး၊ ဗိုက် နဲ့ ရင်သား မင်မိုဂရမ် X-ray (mammogram) တွေဟာ နောက်ခံ ဓါတ်ရောင်ခြည် တနှစ်စာနဲ့ညီမျှပြီး ကင်ဆာဖြစ်နိုင်ခြေ ၁ဝဝဝဝ ကနေ ၁ဝဝဝဝဝ မှာ ၁ ရှိနိုင်တယ်။
• Barium meal လို barium meal အဖြူရောင်မြင်ရအောင်သုံးတဲ့ဆေးနဲ့ X-ray ရိုက်ရင် နောက်ခံ ဓါတ်ရောင်ခြည် နှစ်အနည်းငယ်နဲ့ညီမျှပြီး ကင်ဆာဖြစ်နိုင်ခြေ ၁ဝဝဝ ကနေ ၁ဝဝဝဝ မှာ ၁ ရှိနိုင်တယ်။
• ယူကေနိုင်ငံမှာ လူ ၃ ယောက်မှာ ၁ ယောက်ဟာ ကင်ဆာတမျိုးမျိုးရှိတယ်။ ဒါလဲ ဓါတ်မှန်ကြောင့်လို့ မပြောနိုင်ပါ။ ကင်ဆာဖြစ်ဘို့ဆိုတာ အချက်တွေအများကြီးကိုပါ ထည့်တွက်ရတယ်။ ဥပမာ အသက်အရွယ်၊ လူနေမှုပုံစံ၊ မျိုးဗီဇ စတာတွေပါတယ်။

X-rays and pregnancy ဓါတ်မှန်နဲ့ ကိုယ်ဝန်
ကိုယ်ဝန်ဆောင်နေချိန်မှာ ဓါတ်မှန်ရိုက်ရရင် အထဲကကလေးအတွက်စဉ်းစားရတယ်။ ဓါတ်မှန်ဌာနတွေက အထူးသတိထားလို့ သားအိမ်ကိုဓါတ်ရောင်ခြည်ရောက်မဲ့ ဓါတ်မှန်ကို အရိုက်မခိုင်းပါ။ မဖြစ်လှတာကိုသာ ရိုက်ပါတယ်။ ရိုက်ရရင်လဲ အစိုးရိမ်မကြီးပါနဲ့။

ဒေါက်တာတင့်ဆွေ မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.com

နောက်ထပ် အမြွှာသားယောက်ျားလေးနှစ်ယောက် ရတော့မယ့် စီရိုနယ်လ်ဒို


သိပ်မကြာခင် ခရစ်စယာန်နို ရိုနယ်လ်ဒိုဟာ နောက်ထပ်ကလေးနှစ်ယောက်ဖခင် ဖြစ်လာတော့မယ်လို့ အခိုင်အမာပြောဆိုလိုက်ပါတယ်။ အသက် ၃၂နှစ်ရှိ အဆိုပါကြေးစားဘောလုံးသမားအကျော်အမော်ဟာ  အမေရိကန်လူမျိုး အငှားမိခင်တစ်ဦးနဲ့  ကလေးယူထားတာလို့ ယုံကြည်ထားပါတယ်။

ခရစ်စယာန်နိုနဲ့ သူ့မိသားစုတို့ဟာ ရောက်ရှိလာမယ့် မိသားစုဝင်သစ်တွေကို တွေ့မြင်ဖို့ ဇောသန်နေကြကြောင်း သတင်းအရင်းအမြစ်တစ်ခုက ဆိုပါတယ်။ သူဟာ မိမိကိုယ်ပိုင်ဘဝကို လျို့ဝှက်လိုသူဖြစ်ပေမယ့် မကြာမီ သားယောက်ျားလေးတွေ ရှိလာမယ်အကြောင်း ချစ်ရသောသူတွေနဲ့ ရင်းနှီးတဲ့မိတ်ဆွေသူငယ်ချင်းတွေကို ဖွင့်ပြောခဲ့ပါတယ်။

သူ့သားအတွက် အတူကြီးပြင်းမယ့် ညီအစ်ကိုတွေ ရှိဖို့ သင့်တော်တဲ့အချိန်လို့ သူခံစားရကြောင်း၊ သူ့မိခင် ဒေါလောရပ်စ် ခရစ်စ်ယာန်လေးနဲ့အတူရှိနေပေးခဲ့သလိုပဲ ကူညီပေးလိမ့်မယ်လို့ သတင်းအရင်းအမြစ်က ထပ်မံပြောဆိုထားပါတယ်။

ဒီအမြွှာကလေးတွေ မွေးဖွားပြီးတာနဲ့ စပိန်နိုင်ငံက သူ့အိမ်ကြီးဆီ ခေါ်ဆောင်သွားမယ်လို့ သူနဲ့နီးစပ်သူတစ်ဦးက ဆိုပါတယ်။

အသက် ၂၃နှစ်အရွယ် Georgina Todriguez နဲ့တွဲနေတဲ့ ရီးယဲလ်မက်ဒရစ်ရှေ့တန်းတိုက်စစ်မှူးရိုနယ်လ်ဒိုဟာ ၂၀၁၀ က သားလေးတစ်ဦးကို ရခဲ့ပါတယ်။

အားကစားလောကရဲ့အကျော်အမော်ဒိုနယ်လ်ဒိုဟာ သူ့သားနဲ့ဓာတ်ပုံတွေ ဆိုရှယ်မီဒီယာပေါ် share ရတာကြိုက်နှစ်သက်ပြီး ဒီအမြွှာကလေးတွေလည်း သူနဲ့ကွဲပြားမှုရှိမှာမဟုတ်ကြောင်း သူ့ကိုချစ်ခင်အားပေးသူတွေက မျှော်လင့်နေကြပါတယ်။ သူ့မိခင်ဘယ်သူဖြစ်ကြောင်းကိုတော့ လျို့ဝှက်ထားခဲ့ပါတယ်။

မိခင်မရှိဘဲ ကြီးပြင်းလာတဲ့ သူ့သားနဲ့ပတ်သက်ပြီး ယခင်က ပြောဆိုချက်မှာ ရိုနယ်လ်ဒိုက ကျနော့်အတွက် ဒါ ပြသနာတစ်ခုမဟုတ်ပါဘူး။ ကမ္ဘာကြီးမှာ ကလေးမြောက်များစွာ အမေမရှိ၊ အဖေလည်း မရှိကြပါဘူး သို့မဟုတ် ဖခင်ဆုံးသွားတဲ့ကလေး၊ မိခင်ဆုံးသွားတဲ့ကလေး များစွာရှိတယ်လို့ ပြောပြခဲ့ဖူးပါတယ်။

ခရစ်စယာန်လေး ကြီးလာရင် အဖြစ်မှန်ကို အမြဲတမ်းပြောပြနေမှာပါ။ ဘာလို့လဲဆိုတော့ သူဟာ ကျနော့်သား၊  ဒီအကြောင်းကို သိသင့်သိထိုက်သူ ဖြစ်လို့ပဲ။ ဒါပေမယ့် လူတွေ ကျနော့်ကို ပြောဆိုစေချင်လို့ ပြောမှာမဟုတ်ပါဘူး" လို့ ရိုနယ်လ်ဒိုက ဆိုပါတယ်။

Ref: Mirror
trend myanmar မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.com

ဒုတိယမြောက် သမီးလေး ထပ်မံရရှိတော့မယ့် မတ်ခ်ဇူကာဘတ်နဲ့ ပရစ်စီလ်လာချန်းတို့စုံတွဲ


ဖေ့စ်ဘွတ်ခ်စီအီးအို မတ်ခ်ဇူကာဘတ်နဲ့ ဇနီးဒေါက်တာပရစ်စစီလ်လာချန်းတို့ဟာ ဒုတိယသမီးလေး ရရှိတော့မှာ ဖြစ်ပါတယ်။ ပထမဆုံးသမီး Max ဟာ ၂၀၁၅ ဒီဇင်ဘာလအတွင်း မွေးဖွားခဲ့တာဖြစ်ပြီး ဖေ့စ်ဘွတ်စာမျက်နှာပေါ် ကြည်နူးဖွယ် အသိပေးကြေငြာချက်တစ်ခုဖြစ် မိတ်ဆက်ပေးခဲ့ပါတယ်။ ခုတစ်ခါ ဒုတိယမြောက်ကိုယ်ဝန်ကလည်း သိပ်မခြားနားပါပဲ။

မတ်ဇူကာဘတ်မှ သူ့ဖေ့စ်ဘွတ်စာမျက်နှာပေါ် ဒီမင်္ဂလာသတင်းကို ကြာသပတေးနေ့က ကြေငြာခဲ့ပြီး သူနဲ့ ချန်းတို့ဟာ Max ကို ကိုယ်ဝန်ရတုန်းက အခက်အခဲတွေ ထောက်ဆလျှင် ဖြစ်လာမယ့်မိသားစုအနာဂတ် သေချာမသိရသေးဘူးလို့ ပြောဆိုခဲ့ပါတယ်။ ညီအစ်မတွေရဲ့ အရေးပါမှုအကြောင်း စိတ်ထိခိုက်ဖွယ်အကြောင်းအရာတစ်ခုလည်း ရေးသားပြီး နှစ်ဖက်မိဘတို့ရဲ့ ချစ်စရာပုံဟောင်းတွေနဲ့အတူ ပို့စ်တင်ခဲ့ပါတယ်။

အစ်မသုံးယောက်နဲ့ အတူကြီုးပြင်းတဲ့ မတ်ခ်ဇူကာဘတ်ဟာ ထက်မြက်ပြီး စိတ်ဓာတ်ခိုင်မာတဲ့ အမျိုးသမီးတွေဆီက လေ့လာသင်ယူခဲ့တဲ့အကြောင်း ဖွင့်ဟခဲ့ပါတယ်။ ဘဝမှာ စိတ်ဓာတ်ခိုင်မာတဲ့ အမျိုးသမီးတွေကြောင့် ကျနော်တို့အားလုံး ပိုကောင်းတဲ့လူသားတွေ ဖြစ်လာကြတယ်။ ရင်သွေးသစ်ကို လူ့လောကထဲ လက်ခံကြိုဆိုပြီး နောက်ထပ်စိတ်ဓာတ်ခိုင်မာတဲ့ အမျိုးသမီးတစ်ဦးကို ပြုစုပျိုးထောင်ဖို့ စိတ်လှုပ်နေကြောင်းကိုလည်း ရေးသားဖော်ပြခဲ့ပါတယ်။

သိပ်မကြာသေးမီက ချန်းနဲ့ ဇူကာဘတ်တို့ဟာ အမေရိကရှိ ပြည်နယ်အားလုံး သွားရောက်လည်ပတ်ဖို့ ဇူကာဘတ်ရဲ့ နှစ်သစ်သံန္နိဋ္ဌာန် ထမြောက်အောင်မြင်စေဖို့ တစ်နိုင်ငံလုံး ခရီးထွက်ခဲ့ကြပါတယ်။ Max လေးကိုလည်း မကြာသေးမီက နယူးအော်လင်းစ်မြို့ မာဒီဂရပ်စ်သို့ သွားရောက်လည်ပတ်ပေးခဲ့ကြပါသေးတယ်။

Ref: Cosmopolitan
trend myanmar မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.com

မိခင်တွေအနေနဲ့ ကလေးမမွေးခင် တစ်လအလိုကတည်းက လုပ်ဆောင်ထားသင့်တဲ့ အချက် (၁၇) ချက်


   ကိုယ့်ဘ၀ထဲကို သားသားလေး၊ မီးမီးလေး ရောက်လာတော့မယ့်အချိန် နီးကပ်လာတာနဲ့အမျှ ဘယ်မိခင်မဆို ရင်ခုန်စိတ်ပျော်ရွှင် ကြတာချည်းပါပဲ။ ဒီတော့ မိခင်တွေအနေနဲ့ ရင်သွေးကို မမွေးဖွားခင် တစ်လလောက်အလိုကတည်းက ကြိုတင်လုပ်ဆောင်ထားရမယ့် အရာလေးတွေ ရှိနေပါတယ်။ အဲ့ဒါတွေကတော့

၁။ကလေးအတွက် ဗီရိုအသေးစားလေးတစ်ခု ပြင်ဆင်ပေးပါ။

၂။ သင့်ကားမှာ နောက်ပိုင်းကလေးကိုပါ ခေါ်ဆောင်သွားရမှာမို့ ခါးပတ်တွေ၊ ထိုင်ခုံတွေ သေချာပြင်ဆင်ပါ။

၃။လက်သည်း၊ ခြေသည်းတွေကို သပ်သပ်ရပ်ရပ်လေး ဖြစ်အောင် ညှပ်ပါ၊ သန့်ရှင်းရေးလုပ်ပါ။ ဒီလိုမှသာ မွေးခန်းထဲမှာ သင့်ခြေသည်းလက်သည်းတွေ သန့်ရှင်းအဆင်ပြေနေမှာပါ။

၎။ ရုပ်ရှင်တွေကြည့်ပါ။

၅။အနီးအနားက စားသောက်ဆိုင်မှာ ခင်ပွန်းနဲ့အတူ ဒင်နာအတူ ထွက်စားတာမျိုး လုပ်ပေးပါ။

၆။ကလေးနာမည်ကို ဘယ်လိုပေးမလဲဆိုတာ သေချာစဉ်းစားပါ။

၇။ပူနေတဲ့ ဗိုက်လေးနဲ့အတူ အမှတ်တရဓာတ်ပုံတွေ ရိုက်ထားပါ။

၈။ ကလေးတွန်းလှည်းသုံးမယ်ဆိုရင် ဘယ်လိုခေါက်သိမ်းရတယ်၊ ဘယ်လိုသုံးရတယ်ဆိုတာမျိုးတွေ စတင်လေ့လာပါ။

၉။အညောင်းအညာပြေအောင် အနှိပ်ခံနိုင်ပါတယ်။ ဒါပေမယ့် ပြင်းပြင်းကြီး နှိပ်တာမျိုးတော့ မခံပါနဲ့။

၁၀။ ကိုယ့်အမျိုးသားနဲ့ အတူနေလို့ရပါတယ်။ ကလေးမွေးပြီးတဲ့အခါ အနည်းဆုံး တစ်လကျော်၊ နှစ်လလောက်ထိ အတူနေဖို့မဖြစ်နိုင်ပါဘူး။ ပိုဆိုးတာက ကလေးမွေးပြီး နောက်ပိုင်း အမျိုးသမီးတွေရဲ့ စိတ်အခြေအနေကြောင့် မနေချင်တာမျိုးတွေတောင် ဖြစ်နိုင်ပါသေးတယ်။ သူက နည်းနည်းအချိန်ပြန်ယူရတဲ့ အပိုင်းမို့ပါ။

၁၁။ကလေးအ၀တ်အစားတွေ ကြိုလျှော်ဖွတ်ထားပါ။

၁၂။ဆေးရုံသွားတဲ့အခါ ဘာတွေယူသွားရမယ်ဆိုတာ စဉ်းစားပြီး ကြိုတင် ထုတ်ပိုးထားပါ။

၁၃။စာအုပ်တစ်အုပ်ကို အပြီးဖတ်ပါ။

၁၄။ သူငယ်ချင်းတွေနဲ့အတူ နေ့လည်စာချိန်းပြီး အတူစားတာမျိုးတွေ လုပ်ပါ။

၁၅။မချက်မပြုတ်နိုင်တဲ့ နေ့တွေမှာ အလွယ်တကူ အသင့်စားနိုင်အောင် ခုကတည်းက အခြောက်အချမ်းတွေ ၀ယ်ထားလိုက်ပါ။

၁၆။ ဆေးရုံကို ဘယ်လိုသွားမယ်ဆိုတာ ကြိုပြင်ဆင်ထားလိုက်ပါ။

၁၇။အိပ်နိုင်သလောက်သာ များများအိပ်ပစ်လိုက်ပါ။

Ref:purewow
trend myanmar မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.com

#ကိုယ်ဝန်ဆောင်မီးဖွားမှုဆိုင်ရာ

Saturday, March 18, 2017

ကလေးရှိခြင်းက ပိုအသက်ရှည်စေနိုင်


 မိဘဘဝက ပူဆွေးသောကတွေ ပေးနိုင်တယ်ဆိုပေမယ့် ကျန်းမာရေးနဲ့ လုပ်နိုင်ကိုင်နိုင်မှု ကျဆင်းတဲ့အချိန် အထူးသဖြင့် အရွယ်ရလာတဲ့အချိန် သက်ဆိုးရှည်ဖို့ အဓိကအချက်လည်း ဖြစ်နိုင်တယ်လို့ လေ့လာမှုအသစ်တစ်ခုက တွေ့ရှိခဲ့ပါတယ်။

အနည်းဆုံး ကလေး (၁)ယောက်ရှိသူတွေမှာ ကလေးမရှိသူတွေထက် သေဆုံးနိုင်ခြေ ပိုနည်းကြောင်း လေ့လာတွေ့ရှိချက်တွေက ဖော်ပြထားပါတယ်။ အသက် ၆၀ ကစပြီး အသက် ၁၀၀ အထိ တောက်လျှောက်လေ့လာမှုပြုလုပ်ခဲ့ပါတယ်လို့ Karolinska Institute Sweden က Karin Modig က ဆိုပါတယ်။

အသက် ၆၀ အရွယ် အမျိုးသားတွေကြားမှာ တစ်နှစ်အတွင်း သေဆုံးနိုင်ခြေ ကွာဟမှုက ၀.၀၆% ရှိပြီး အမျိုးသမီးတွေကြား ၀.၁၆% ရှိပါတယ်။ ကလေးတစ်ယောက်နဲ့ အသက် ၈၀ အရွယ်မျိုးသားတစ်ဦးအတွက် တစ်နှစ်အတွင်း သေဆုံးနိုင်ခြေ ၇.၄% ရှိပါတယ်။ ကလေးမရှိတဲ့ ရွယ်တူအမျိုးသားတစ်ဦးအတွက်တော့ ၈.၃% ရှိပါတယ်။

အသက် ၉၀ အရွယ်ရောက်တဲ့အခါ ယင်းကွာဟမှုတွေက အမျိုးသားတွေကြား ၁.၄၇% နဲ့ အမျိုးသမီးတွေကြား ၁.၁၀% မြင့်တက်ခဲ့ပါတယ်။ အိမ်ထောင်မပြုတဲ့ အမျိုးသားတွေကြား သေဆုံးနိုင်ခြေ ၁.၂% ရှိပြီး အိမ်ထောင်သည်တွေမှာ ၀.၆% ရှိပါတယ်။

ယင်းလေ့လာမှုအတွက် ဆွီဒင်နိုင်ငံက အသက် ၆၀နဲ့အထက်ရှိ အမျိုးသား ၇၀၄,၄၈၁ ဦးနဲ့ အမျိုးသမီး ၇၂၅,၂၉၀ ဦးတို့ရဲ့ သက်တမ်းကို သုတေသနအဖွဲ့တွေက လေ့လာခဲ့ခြင်း ဖြစ်ပါတယ်။

Ref: Indianexpress
trend myanmar မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.com

ပူအိုက်တဲ့ နွေရာသီအတွင်း မိမိကလေးငယ် ပြုစုစောင့်ရှောက်နည်းများ


  နွေရာသီရဲ့ ပြင်းတဲ့အပူချိန်ကြောင့်၊ မိတ်၊ အရေးပြားပေါ် အဖုအပိမ့် အနီကွက်တို့နဲ့ တခြားပြသနာတွေ ဖြစ်တတ်ပါတယ်။ ဒီပူအိုက်တဲ့ရာသီမှာ မိခင်တွေ မိမိကလေးငယ်ကို ဘယ်လိုဂရုစိုက်စောင့်ရှောက်ရမလဲဆိုတာလည်း ခေါင်းခြောက်စရာပါ။ ကလေးငယ်တွေအတွက် ဒီပူအိုက်တဲ့ဒဏ်ကို ကြံ့ကြံ့ခံနိုင်ဖို့ ဆိုတာ သိပ်တော့မလွယ်ပါဘူး။ နွေရာသီအတွင်း မိမိကလေးငယ် အသက်ရှူချောင်ပြီး အေးမြမှုရှိအောင် လုပ်နိုင်တဲ့အချက်တွေ ရှိပါတယ်။ ပူပြင်းမှုဒဏ်ကို အလွယ်အကူ ကျော်လွှားအောင်နိုင်ဖို့ နည်းလမ်းတွေကတော့…

ကလေးကို သင့်တော်တဲ့ အဝတ်အစားတွေ ဝတ်ပေးပါ

ချည်ထည်တွေက နွေရာသီအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။ ချည်သားမဟုတ်တဲ့ တခြားအထည်တွေက အပူစုပ်ပြီး ကလေးအဖို့ မသက်မသာဖြစ်နိုင်တဲ့အပြင် မိတ်နဲ့ အရေပြားပေါ် အဖုအပိမ့် အနီကွက်ထမှုတွေ ဖြစ်ပွားစေနိုင်ပါတယ်။

သေးခံကို မကြာမကြာလှဲပေးပါ

သေးခံကို ၃ နာရီတစ်ကြိမ် လှဲပေးသင့်ပါတယ်။ နွေရာသီအတွင်း စိုထိုင်းမှုနဲ့ ချွေးပြန်မှုတို့ ပုဂ္ဂလိကနေရာတွေမှာ ဖြစ်တတ်တာကြောင့် အနီကွက် အဖုအပိမ့်တွေ မဖြစ်အောင် ပို၍ သတိထားပါ။ သေးခံမ၀တ်ပေးခင် သို့မဟုတ် အညစ်အကြေး သန့်စင်ပြီးနောက် သေချာဆေးကြောသန့်စင်ပြီး ခြောက်အောင် သုတ်ပါ။

ရေဓာတ် ထိန်းသိမ်းပေးပါ

နွေရာသီအတွင်း ကလေးတွေကြား ရေဓာတ်ခန်းခြောက်မှုက အဖြစ်များဆုံး ပြသနာတစ်ခု ဖြစ်ပါတယ်။ နို့တိုက်ခြင်းတို့က ကလေးကို ရေဓာတ်လုံလောက်စွာ ရရှိအောင် ထိန်းသိမ်းပေးပါလိမ့်မယ်။ တကယ်လို့ ကလေးနို့ပြတ်သွားပြီဆိုရင် နွေရာသီအချိန်ဟာ ခံတွင်းပျက်ချိန်ဆိုတာ သတိချပ်ပါ။ သစ်သီးဖျော်ရည်၊ နို့ထောပတ် သို့မဟုတ် မစ်ရှိတ်စတဲ့ အရည်တွေပို ဖြည့်တင်းပေးပါ။ မအေးလွန်း အနေတော်ဖြစ်အောင် စီစဉ်ပေးပါ။

ပုံမှန်ရေချိုးပေးပါ

ဆောင်းတွင်းနဲ့မတူဘဲ နွေရာသီဟာ ကလေးကို ရေမချိုးပေးလို့ လုံးဝ မဖြစ်တဲ့အချိန်ဖြစ်ပါတယ်။ ကလေးကို နေ့တိုင်းရေချိုးပေးပါ။

မနက်ခင်း အပြင်ထွက်တာ ရှောင်ပါ

မနက် ၁၀ နာရီနဲ့ ညနေ ၅နာရီကြား ကလေးနဲ့နေပူထဲထွက်တာ ရှောင်ကြဉ်ပါ။ နေဝင်ပြီး ညနေခင်းအချိန်မှ ကလေးနဲ့လမ်းလျှောက်ထွက်ပါ။ နွေရာသီအတွင်း ကစားချိန်က အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ နောက်ပြီး ဒီနွေရာသီအချိန်ဟာ တကယ်လို့ သင့်ကလေး အသက် ၂နှစ်နဲ့အထက်ရှိပါက ရေနဲ့ဆော့ကစားဖို့ တိုက်တွန်းရမယ့် အချိန်ကောင်းပဲ ဖြစ်ပါတယ်။

လေဝင်လေထွက်ကောင်းမွန်မှုနဲ့ ပတ်ဝန်းကျင်သန့်ရှင်းမှု

ပြတင်းပေါက်တွေ ဖွင့်ထားပြီး မိမိအိမ်ကို လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ပါ။ ပြီးတော့ မိမိပတ်ဝန်းကျင်တွေ သန့်ရှင်းအောင်ထားပြီး ရေအပုပ်အနံ့တွေ ကင်းရှင်းအောင်ထားပါ။

Ref: Thehealthsite
trend myanmar မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.com

Thursday, March 16, 2017

အနာဂတ် '' ကလေး '' တွေရဲ့ဘဝတွေ လှပဖို့  တစ်ဦးတစ်ယောက်ချင်းစီရဲ့စိတ်ထားတွေပြောင်းလဲကြပါစို



လေးနက်မှု့တွေမရှိကြတော့တဲ့ လောကကြီးမှာ ပေါ့ပျက်ပျက်အရာတွေ ဖြစ်ပေါ်လာတာမဆန်းပါဘူး
ခတ်တာက >>> ရလဒ် <<< တွေက ဆိုးရွားတဲ့ ( _ )အနှုတ် တွေဖြစ်နေတာပဲ ……
ဒီခံစားချက်တွေကို '' မိဘ '' တွေနဲ့ အတူမနေရတဲ့ '' သားသမီး '' တွေပိုသိပါတယ်
ပတ်ဝန်းကျင် အသိုင်းအဝိုင်း နဲ့ သူငယ်ချင်းတွေကြားထဲမှာ နေ့ ရက်တိုင်း သူတို့ မျက်နှာငယ်ခဲ့ကြရလို့ ပါပဲ ……
သူတို့ တွေမှာ '' ခမ်းနားမှုထည်ဝါ '' မှု့ တွေမရှိ ကြဘူး
အမြဲတမ်း … သိမ်ငယ်နေရလို့  ……
သူတို့ မှာ '' မော်ကြွားမှု့'' တွေမရှိ ကြဘူး ……
အမြဲတမ်း … ခေါင်းငုံ့ နေရလို့ ………
ဒါဆို သူတို့ လက်ညိုးဘယ်သူတွေကို ထိုးသင့်သလည်း ………… ?????
'' မိဘ '' တွေလား ………?????
'' မိဘ '' တွေ ကို မဟုတ်ပါဘူး
'' မိဘ '' တွေဆီမှာ ရှိနေတဲ့ အတ္တတွေ / မာနတွေ / နဲ့ စာရိတ္တ တွေကိုပါပဲ ……
ဒါဆို … သင်ရော '' မိဘ '' နေရာ တစ်ချိန် ရောက်လာခဲ့ရင် ဒီလို အဖြစ်မျိုး အဖြစ်ခံမှာလား …?????
သင်တို့ မာနတွေ / အတ္တ တွေ / စာရိတ္တတွေ / မှာယွင်းတဲ့ရွှေးချယ်မှု့တွေကြောင့် ကလေးတွေရဲ့ အနာဂတ်တွေ ဝေဝါးစေမှာလား ……???
'' အစကောင်းမှ အနှောင်းသေချာတာပါ ''
အစကောင်းဖို့ '' ရွှေးချယ်မှု့'' အရေးကြီးသလို… မိမိကိုယ်တိုင်ရဲ့ '' ကိုယ်ရေကိုယ်သွေး '' ပြင်ဆင်ထားဖို့ လည်း အရေးကြီးပါတယ် ……
'' လောကကြီး '' မှာ …အကောင်းတွေကို မျော်လင့်နေတဲ့လူတစ်ယောက်ဟာ …
အကောင်းတွေနားရောက်အောင် သွားနိုင်တဲ့ '' အရည်အချင်း '' ရှိဖို့  လိုအပ်ပါတယ် ……ဒါဆို အခုအချိန်က စပြီး ပြင်ဆင်လို့ ရပြီပေါ့ ……
{ 1 } … စိတ်ဓါတ်တွေရင့်ကျက်ဖို့ စာများများဖက်ပါ ………
{ 2 } … များများနားထောင်ပေးပြီး တစ်ဘက်လူအတွက် အကျိုးရှိမဲ့ '' စေတနာ '' စကားတွေပဲ ပြောပေးပါ
{ 3 } … လူတိုင်းကို စစ်မှန်တဲ့ အပြုံးတွေပေးပြီး / လှပတဲ့ စိတ်ထားနဲ့ ဆက်ဆံပါ ……
{ 4 } … အရာရာ ကိုအကောင်းမြင်တတ်တဲ့ အကြည့်နဲ့ပဲ ကြည့်ပါ ……
{ 5 } … သစ္စာမဲ့ မှု့ / နဲ့ ဖေါက်ပြန်မှု့တွေကို ကျောခိုင်း ပြီး
အဆင့်အတန်းရှိတဲ့
'' စာရိတ္တ '' အသစ်ပြန်တည်ဆောက်ပြီး အသက်ရှင်ကြည့်ပါ ………
ဒီလို တစ်ဦးတစ်ယောက်ချင်းဆီ ပြောင်းလဲမယ်ဆိုရင် လှပသေချာတဲ့ အနာဂတ် များစွာ ဖန်တီးနိုင်ပါလိမ့်မယ်
အနာဂတ် ကလေးတွေရဲ့ ဘဝတွေ လှပဖို့  ဘယ်သူတွေမှာ တာဝန်ရှိသလည်း ……………?????
ဒီကမ္ဘာ ကြီးထဲက ဒီမြေကြီးကို နင်းပြီးအသက်ရူနေတဲ့ လူသားတိုင်းမှာ တာဝန်ရှိပါတယ် ………
တစ်ဦးတစ်ယောက်ချင်းစီရဲ့ လှပတဲ့စိတ်ထားတွေ ပြောင်းလဲမှ … အနာဂတ် ကလေးတွေရဲ့ လှပတဲ့ ဘဝကို တွေကို ဖန်တီးပေးနိုင်မှာပါ
ဒါဆို သူတို့ လေးတွေ အနာဂတ် မဝေဝါးတော့ဘူး
သူတို့ လေးတွေလျှောက်ရမဲ့လမ်း မမှားတော့ဘူး ဆိုတော့ သူတို့ လေးတွေရဲ့ ဘဝတွေ လုံခြုံသွားပြီပေါ့

ဂျူးဂျူးပန်ထွာ မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.com

#သားသမီးကိစ္စ